နေ့စဉ်မိုးလေဝသသတင်း

နေ့စဉ်မိုးလေဝသသတင်း

(၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန် ထုတ်ပြန်ချက်)

မန်နေ့နံနက် ၀၉:၃၀ နာရီအချိန်မှ ယနေ့နံနက် ၀၉:၃၀ နာရီအချိန်ထိ မိုးလေဝသတိုင်းထွာချက်အကျဉ်းချုပ်။ လွန်ခဲ့သော ၂၄ နာရီအတွင်းက စစ်ကိုင်းတိုင်းဒေသကြီး အထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းခဲ့ပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာခဲ့ပါသည်။ ညအပူချိန်များမှာ တနင်္သာရီတိုင်းဒေသကြီး၊ ကယားပြည်နယ်နှင့် ရှမ်းပြည်နယ်(တောင်ပိုင်းနှင့် အရှေ့ပိုင်း)တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် ၇ ဒီဂရီဆဲလ်စီးယပ်မှ ၈ ဒီဂရီဆဲလ်စီးယပ်အထိ၊ နေပြည်တော်၊ ပဲခူးတိုင်းဒေသကြီး၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် ၅ ဒီဂရီဆဲလ်စီးယပ်မှ             ၆ ဒီဂရီဆဲလ်စီးယပ်အထိ၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရှမ်း ပြည်နယ်(မြောက်ပိုင်း)တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်တို့အောက် ၃ ဒီဂရီဆဲလ်စီးယပ်မှ ၄ ဒီဂရီဆဲလ်စီးယပ် အထိနှင့် စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်းတွင် နိုဝင်ဘာ လ၏ ပျမ်းမျှအပူချိန်အောက် ၂ ဒီဂရီဆဲလ်စီးယပ်လျော့နည်းခဲ့ပြီး ကချင်ပြည်နယ်၊ ချင်းပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် နိုဝင်ဘာလ၏ ပျမ်းမျှအပူချိန်ခန့်သာ ရှိခဲ့ပါသည်။ ထူးခြား သည့် ညအပူချိန်များမှာ နမ့်စန်မြို့(ရှမ်းပြည်နယ်တောင်ပိုင်း)တွင် -၀.၅ ဒီဂရီဆဲလ်စီးယပ်၊ လွိုင်လင်မြို့တွင် ၁.၀ ဒီဂရီ ဆဲလ်စီးယပ်၊ ဟဲဟိုးမြို့တွင် ၂.၄ ဒီဂရီဆဲလ်စီးယပ်၊ ဟားခါး မြို့တွင် ၃.၅ ဒီဂရီဆဲလ်စီးယပ်၊ ပင်လောင်းမြို့တွင် ၃.၈ ဒီဂရီဆဲလ်စီးယပ်၊ လားရှိုးမြို့တွင် ၅.၀ ဒီဂရီဆဲလ်စီးယပ်၊ လွိုင်ကော်မြို့တွင် ၅.၁ ဒီဂရီဆဲလ်စီးယပ်၊ မိုင်းယန်းမြို့တွင် ၅.၅ ဒီဂရီဆဲလ်စီးယပ်၊ တောင်ကြီးမြို့တွင် ၅.၈ ဒီဂရီဆဲလ်စီးယပ်နှင့် ကျိုင်းတုံမြို့နှင့် မိုင်းဆတ်မြို့တို့တွင် ၆.၀ ဒီဂရီဆဲလ်စီးယပ်စီတို့ ဖြစ်ကြပါသည်။

ဘင်္ဂလားပင်လယ်အော်အ‌ခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၀:၃၀ နာရီအချိန် တိုင်းထွာချက်များအရ သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့(Trincomalee)အနီးမှ ဖြတ်ကျော် ခဲ့သော ဆိုင်ကလုန်းမုန်တိုင်း“ဒစ်ဝါ”(DITWAH)သည် မြောက်-အနောက်မြောက်ဘက်သို့ ရွေ့လျားခဲ့ပြီး ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက် ရှိသော သီရိလင်္ကာနိုင်ငံမြောက်ပိုင်းသို့ ရောက်ရှိခဲ့ကာ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့(Coco Island)၏ အနောက်-အနောက်တောင်ဘက် ရေမိုင် ၈၀၀ မိုင်ခန့်၊ အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီမြို့(Puducherry)၏ တောင်-အရှေ့တောင်ဘက် ရေမိုင် ၁၆၀ မိုင်ခန့်နှင့် သီရိလင်္ကာနိုင်ငံ၊ ထရီကိုမာလီမြို့(Trincomalee)၏ မြောက်-အနောက်မြောက်ဘက် ရေမိုင် ၅၅ မိုင်ခန့်အကွာပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း “ဒစ်ဝါ”သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပြီး ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသော အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူးမြောက်ပိုင်းကမ်းခြေနှင့် အင်ဒရာပရာဒေ့ရှ်တောင်ပိုင်းကမ်းခြေအနီးသို့ ရောက်ရှိ နိုင်သည်ဟု ခန့်မှန်းရပါသည်။ ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းတို့တွင် တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး ကပ္ပလီပင်လယ်ပြင်နှင့် ကျန်ဘင်္ဂလားပင်လယ်အော်တို့တွင် တိမ်အနည်းငယ် ဖြစ်ထွန်းနေပါသည်။

ထူးခြားသည့်အခြေအနေ။ ယနေ့မြန်မာစံတော်ချိန် ၁၂:၃၀ နာရီအချိန်တိုင်းထွာချက်များအရ တောင်တရုတ်ပင်လယ်ပြင်တွင် ဖြစ်ပေါ်နေသော အားကောင်းသောအပူပိုင်း မုန်တိုင်း“ကိုတို”(KOTO)သည် အနောက်-အနောက်တောင်ဘက်သို့ ဖြည်းညှင်းစွာရွေ့လျားခဲ့ပြီး ဗီယက်နမ်နိုင်ငံ၊ နာထရန်မြို့ (Nhatrang)၏ အရှေ့-အရှေ့မြောက်ဘက် ရေမိုင် ၁၈၀ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ အားကောင်းသောအပူပိုင်းမုန်တိုင်း“ကိုတို”သည် ၂-၁၂-၂၀၂၅ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ အရှေ့ဘက် ကမ်းရိုးတန်းဒေသများသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းရပါသည်။

မနက်ဖြန်နံနက်အထိခန့်မှန်းချက်။ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းပြီး ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် အများအားဖြင့် သာယာမည်။

မြန်မာ့ပင်လယ်ပြင်။ လှိုင်းအသင့်အတင့်ရှိမည်။ လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ၅ ပေမှ ၇ ပေခန့် ရှိနိုင်ပါသည်။

နောက် ၂ ရက်အတွက်ခန့်မှန်းချက်။ နေပြည်တော်၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်းဒေသကြီးအောက်ပိုင်း၊ ဧရာဝတီတိုင်းဒေသကြီး၊ ကယားပြည်နယ်၊ ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ညအပူချိန်များ အနည်းငယ် လျော့နည်းနေမည်။

နေပြည်တော်နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်။         အများအားဖြင့် သာယာမည်။

ရန်ကုန်မြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်          အများအားဖြင့် သာယာမည်။

မန္တလေးမြို့နှင့်အနီးတစ်ဝိုက်အတွက်မနက်ဖြန်နံနက်အထိခန့်မှန်းချက်           အများအားဖြင့် သာယာမည်။