(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ ၂၉ ရက်) – ဝန်ထမ်းများအကြား ပူးပေါင်းဆောင်ရွက်မှု၊ ကျန်းမာရေး၊ ကိုယ်စိတ်ချမ်းသာရေး၊ ပေါင်းသင်းဆက်ဆံမှုနှင့် ချိတ်ဆက်ဆောင်ရွက်နိုင်မှုတို့ တိုးတက်စေရန် ကြိုးပမ်း အားထုတ်မှုဖြင့် MPT ၏ ဌာနကြီး (၅) ခုမှ ဝန်ထမ်းများအားလုံး စုပေါင်းပါဝင်သော “TeamFit: Unite & Move” ကျန်းမာရေးလှုပ်ရှားမှုအစီအစဉ်ကို ဇန်နဝါရီလ ၂၈ ရက်တွင် မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ကစားကွင်း၌ ဆောင်ရွက်ခဲ့ပါသည်။
MPT အနေဖြင့် ကျန်းမာရေးနှင့် ညီညွတ်ပြီး ခိုင်မာသော အဖွဲ့အစည်းတစ်ခုဖြစ်ရန်အတွက် ဝန်ထမ်းများ၏ ကိုယ်စိတ်ကျန်းမာရေးနှင့် ကျန်းမာတက်ကြွသော လူနေမှုပုံစံ၏ အရေးပါမှုမှာ အရေးကြီးကြောင်း ယုံကြည်ထားကာ ယင်းကတစ်ဆင့် အပြုသဘောဆောင်သော လုပ်ငန်းခွင်ကို ဖန်တီးနိုင်စေပြီး သုံးစွဲသူများအတွက် အကောင်းဆုံးသော ဝန်ဆောင်မှုများ ပေးအပ်နိုင်စေမည် ဖြစ်ပါသည်။
MPT -KSGM Joint Operations ၏ ပူးတွဲအမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Kazuhiko MASUDA က “ကျွန်တော့်အနေနဲ့ ဖူဆယ်ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်ကြတဲ့ အသင်းတွေအားလုံးနဲ့ ပါဝင်ဆင်နွှဲခဲ့ကြတဲ့ MPT ဝန်ထမ်းတွေနဲ့ မိသားစုတွေကို ဂုဏ်ယူပါကြောင်းနဲ့ ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြားလိုပါတယ်။ ဒီကနေ့ပွဲစဉ်မှာ CTO-1 ဖူဆယ်ဘောလုံးအသင်းက ချန်ပီယံဆုဖလားကိုဆွတ်ခူးသွားခဲ့ပြီးသူတို့ရဲ့ ကျွမ်းကျင်မှု၊ အဖွဲ့လိုက်ပူးပေါင်းဆောင်ရွက်မှုနဲ့ ကြိုးပမ်းမှုအားထုတ်မှု အရည်အသွေးတွေကိုလည်း ပြသခဲ့ကြပါတယ်။ ကျွန်တော်တို့ ဝန်ထမ်းများအကြား ချစ်ခင်ရင်းနှီးစွာ ယှဉ်ပြိုင်ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်း၊ အဖွဲ့လိုက်ဆောင်ရွက်ခြင်း၊ ရင်းနှီးခိုင်မာမှုရှိခြင်းကတစ်ဆင့် အဖွဲ့အစည်းအတွင်း အပြုသဘောဆောင်တဲ့ လုပ်ငန်းခွင်တစ်ခုကို ဖော်ဆောင်ပေးတဲ့ စံနမူနာ တစ်ခုဖြစ်စေရုံသာမက ဝန်ထမ်းများအကြား ရင်းနှီးခိုင်မာမှုရှိပြီး အမှတ်ရဖွယ် အတွေ့အကြုံကောင်းတွေကို ဖန်တီးပေးနိုင်မယ်လို့ ယုံကြည်ပါတယ်။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ဒီလှုပ်ရှားမှုကိုအောင်မြင်အောင် ကူညီထောက်ပံ့ပေးခဲ့တဲ့ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် (MFF) နဲ့ မြန်မာနေရှင်နယ်လိဂ် (MNL) တို့ကို ကျေးဇူးအထူးတင်ရှိကြောင်း” ပြောကြားခဲ့ပါသည်။
ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် စုစုပေါင်း အသင်း (၈) သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ပါဝင်ယှဉ်ပြိုင်သူများအကြား အဖွဲ့လိုက်ဆောင်ရွက်ခြင်း၊ ကိုယ်ကာယ ကျန်းမာကြံ့ခိုင်ခြင်း၊ စွမ်းရည်မြှင့်တင်မှုများနှင့် ညီညွတ်မှုများကို ပြသခဲ့ကြပါသည်။
MPT သည် အဖွဲ့အစည်းအတွင်း ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေကာ ကျန်းမာပြီး တက်ကြွသော လူနေမှုပုံစံကို မြှင့်တင်ပေးကာ နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများ၏ အကျိုးကျေးဇူးအတွက် ဝန်ထမ်းများ၏ ကိုယ်စိတ်ကျန်းမာရေးကို ဆက်လက်ဆောင်ရွက်သွားမည် ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သာ MPT သည် နိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများသို့ ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့် ဆက်သွယ်ရေး ဝန်ဆောင်မှုများကို ပေးအပ်ရန်နှင့် လူမှုအသိုက်အဝန်းအတွက် ပံ့ပိုးကူညီမှုများအပါအဝင် နည်းလမ်းအမျိုးမျိုးဖြင့် ပံ့ပိုးပေးနိုင်ရန် အမြဲတစေ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ MPT ၏ ဝန်ဆောင်မှုအကြောင်း ပိုမိုသိရှိလိုပါက 106 call center နှင့် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber နှင့် တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။
TeamFit: Unite & Move Futsal Tournament








