(ရန်ကုန်၊ ၂၀၂၄ ခုနှစ်၊ ဇွန်လ ၂၁ ရက်) – MPT သည် ပြည်တွင်းဆက်သွယ်ရေး အော်ပရေတာ ဖြစ်သည်နှင့်အညီ အများပြည်သူနှင့် ဝန်ထမ်းများ၏ နေ့စဥ်လူနေမှုဘဝကို ပိုမိုကောင်းမွန်လာစေရန် ဆောင်ရွက်လျက်ရှိပါသည်။ MPT အနေဖြင့် ယင်း၏ “TeamFit: Unite & Move” ကျန်းမာရေးလှုပ်ရှားမှု၏ တစ်စိတ်တစ်ပိုင်းအဖြစ် Zumba နှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲများကို မကြာသေးမီလများကစတင်ကာ ဆောင်ရွက်ပေးခဲ့ပါသည်။ ယခုလည်း “အပြည်ပြည်ဆိုင်ရာ ယောဂ”နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် MPT က ယောဂ ကျန်းမာရေး လှုပ်ရှားမှုကို ဇွန်လ (၂၀) ရက်နေ့တွင် နိုင်ငံတစ်ဝန်းရှိ MPT ရုံးများမှ ဝန်ထမ်းများပါဝင်ပြီး အောင်မြင်စွာဖြင့်ကျင်းပ ဆောင်ရွက် နိုင်ခဲ့ပါသည်။ ယောဂ ကျန်းမာရေး လှုပ်ရှားမှုသည် အဖွဲ့အစည်းအတွင်း ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုခိုင်မာစေရန်နှင့် ကျန်းမာတက်ကြွသော လူနေမှုပုံစံကို မြှင့်တင်ရန် ရည်ရွယ်ဆောင်ရွက်လျက်ရှိသည့် MPT ၏ တတိယမြောက်လှုပ်ရှားမှုဖြစ်ပါသည်။ ယခု ယောဂကျန်းမာရေးလှုပ်ရှားမှုတွင် ရန်ကုန်တိုင်း ဒေသကြီးမှ ဝန်ထမ်း (၃၀) ခန့် ကိုယ်တိုင်ပါဝင်ခဲ့ပြီး ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ဝန်ထမ်း (၂၀၀) ခန့် က အွန်လိုင်းမှ တစ်ဆင့် ပါဝင်ခဲ့ပါသည်။ ယခုကဲ့သို့ ဝန်ထမ်းအရေအတွက် အများအပြားပါဝင်မှုသည် MPT ဝန်ထမ်းများ၏ အလုံးစုံသော ကျန်းမာကြံ့ခိုင်မှု ပိုမိုကောင်းမွန်စေရေးအတွက် အလေးအနက်ထားဆောင်ရွက်မှုကို ဖော်ပြနေသည်လည်း ဖြစ်ပါသည်။
၂၀၂၃ ခုနှစ် အပြည်ပြည်ဆိုင်ရာယောဂနေ့ အထိမ်းအမှတ်အဖြစ် ကမ္ဘာ့ကျန်းမာရေးအဖွဲ့အစည်း (WHO) ၏ ထုတ်ပြန်ချက်တွင် သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူများအနေဖြင့် ကမ္ဘာတစ်ဝန်းတွင်သေဆုံးမှုအမြင့်ဆုံး ဖြစ်စေသည့် အကြောင်းအရင်း(၁၀)မျိုးထဲတွင် အပါအဝင်ဖြစ်သည့် ကိုယ်လက်လှုပ်ရှားမှု နည်းပါးနေမှုကို လျှော့ချခြင်းအားဖြင့် အခြား မကူးစက်နိုင်သောရောဂါများဖြစ်သည့် နှလုံးသွေးကြောဆိုင်ရာရောဂါများ၊ ကင်ဆာနှင့် ဆီးချိုရောဂါဖြစ်ပွားမှုများကို လျှော့ချနိုင်မည်ဖြစ်ကြောင်း ပြောကြားထားပါသည်။
MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki SHIMANE က “MPT အနေနဲ့ ဝန်ထမ်းတွေရဲ့ စိတ်ရော ကိုယ်ပါ ကျန်းမာကြံ့ခိုင်စေရေးကို မြှင့်တင်ပေးဖို့အတွက် “TeamFit: Unite & Move” လှုပ်ရှားမှုကို ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့အနေနဲ့ ဝန်ထမ်းများရဲ့ ကျန်းမာကြံ့ခိုင်မှုနဲ့ အဖွဲ့အစည်းစိတ်ဓာတ် ပိုမိုတိုးတက်လာစေရေးအတွက် ပြီးခဲ့တဲ့ နှစ်များအတွင်း Zumba ကျန်းမာရေးလှုပ်ရှားမှု (၃) ခု နဲ့ ဖူဆယ်ဘောလုံးပြိုင်ပွဲ တစ်ခုကို စီစဥ်ကျင်းပခဲ့ပြီး ဝန်ထမ်းပေါင်းထောင်ကျော်က ပါဝင်လှုပ်ရှားခဲ့ကြပါတယ်။ ယောဂလှုပ်ရှားမှုက စိတ်နဲ့ ခန္ဓာကိုယ်၊ အတွေးအခေါ်နဲ့လှုပ်ရှားမှုတွေကို တစ်သားတည်း ဖြစ်စေတဲ့အတွက် အခုလို စီစဥ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါတယ်။ ဒီအစီအစဥ် အောင်မြင်ဖို့အတွက် ပံ့ပိုးပေးတဲ့အပြင် ပိုမိုကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံကို ကျင့်သုံးဖို့ လှုံ့ဆော်ပေးတဲ့ ကျွန်တော်တို့ရဲ ယောဂ နည်းပြဆရာမ ဝတ်ရည်မိုး (YoursYogabywutyee), ကိုလည်း ကျေးဇူးအထူးတင်ရှိသလို ရန်ကုန်နဲ့ တိုင်းနဲ့ ပြည်နယ်အသီးသီးက ဝန်ထမ်းတွေကိုလည်း တက်တက်ကြွကြွနဲ့ ပါဝင်ပေးတဲ့အတွက် ကျေးဇူးအထူး တင်ရှိကြောင်း ပြောလိုပါတယ်။ ကျွန်တော်တို့ရဲ့ ဒီကျန်းမာရေးလှုပ်ရှားမှုကတစ်ဆင့် MPT အဖွဲ့ဝင်တွေအနေနဲ့ မိမိတို့ကိုယ်တိုင်ရော မိမိနေထိုင်ရာ ကမ္ဘာကြီး၊ သဘာဝပတ်ဝန်းကျင်နဲ့ပါ တစ်ထပ်တည်းကျဖို့ အထောက်အပံ့ ဖြစ်စေမယ်လို့ မျှော်လင့်ပါတယ်။” ဟုပြောကြားခဲ့ပါသည်။
MPT အနေဖြင့် ဝန်ထမ်းများ၏ ကိုယ်စိတ်ချမ်းသာရေးအတွက် အစီအစဥ်များ ဆက်လက် ဆောင်ရွက်ပေးသွားမည် ဖြစ်ပြီး ဝန်ထမ်းများအနေဖြင့် နောက်လာမည့် ပွဲများတွင်လည်း ဆက်လက်ပါဝင်ပေးရန် ဖိတ်ခေါ်သွားမည်ဖြစ် ပါသည်။ MPT က ဝန်ထမ်းများ၏ ကိုယ်စိတ်ချမ်းသာရေးနှင့် တက်ကြွလှုပ်ရှားမှုရှိသည့် လုပ်ငန်းခွင်တစ်ခု ဖြစ်အောင် ဆက်လက်ကြိုးစားဆောင်ရွက်သွားမည် ဖြစ်သည့်အတွက် နောက်လာမည့် လှုပ်ရှားမှုအကြာင်း ဆက်လက် စောင့်ကြည့်ပေးရန် ဖိတ်ခေါ်လိုက်ပါသည်။
MPT အကြောင်းပိုမိုသိရှိလိုပါက တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော https://www.mpt.com.mm တွင် ကြည့်ရှု နိုင်ပြီး 106 Call Center သို့ ခေါ်ဆို မေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင်လည်း စုံစမ်းမေးမြန်းနိုင်ပါသည်။












